” မလုပ်ပါနဲ့တော့ သူကြီးရယ်၊ နာလွန်းလို့ သေရပါတော့မယ် အီးဟီးဟီးဟီး “
မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်ရှိပြီး ဖက်စစ်ဂျပန်များ တောရောမြို့ပါ ခြေရှုပ်နေချိန်တွင် ရွာတစ်ရွာ၌
” နောင် နောင် နောင် နောင် ”
ဂျပန် အလိုတော်ရိ သူကြီးအိမ်မှ လူစု အုန်းမောင်းသံ ကြားရသဖြင့် တစ်ရွာလုံး သူကြီးအိမ်သို့ အပြေးအလွှား ရောက်လာခဲ့သည်။ ဂျပန်ကို ကြောက်ရတာက တစ်မျိုး၊ သူကြီးနှင့် သူကြီးသား အပေါင်းအပါများအား ကြောက်ရတာက တစ်ဖုံကြောင့် ရွာသူရွာသားအားလုံး ဘာပြဿနာ ဖြစ်ပြန်ပြီလည်းဟု စိုးရိမ်နေကြသည်။
” ကဲဟေ့၊ ဒီက သခင်ကြီးက ပြောတယ်။ ဒီရွာမှာ ဖက်စစ်တော်လှန်ရေးလုပ်ဖို့ ကြိုးစားနေတဲ့ သစ္စာဖောက်တွေ ရှိတယ်တဲ့။ အဲ့ဒါ ဘယ်သူတွေလဲ။ ကိုယ့်ဟာကို ဝန်ခံရင် သက်သာမယ်နော။ ငါတို့ စုံစမ်းပြီးမှ သိရတယ်ဆိုရင် တစ်မိသားစုလုံး ပြာကျပြီ မှတ်ပါ ”
ရွာသူရွာသားများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
” ဟေ့ ဘယ်သူမှ ဝန်မခံဘူးလားကွ၊ သာကျော်ရေ သစ္စာဖောက်ကို ဆွဲထုတ်ခဲ့စမ်း ”
သူကြီးကျောက်လုံးက သူ့သား သာကျော်ကို အမိန့်ပေးလိုက်သည်နှင့် လူအုပ်ထဲဝင်ကာ တစ်ယောက်ကို ဆွဲထုတ်လာသည်။