အတိတ်ရဲ့ လမ်းမများ
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကမ္ဘာပျက်လုမတတ် ဒေါသတွေ ငယ်ထိပ်ရောက်နေလို့၊ အသားတွေ တဆက်ဆက်တုန်လို့၊ ခံစားချက်တွေ မျိုသိပ်ထားရင်း မကောင်းတဲ့ လူတစ်ယောက်အတွက်နဲ့ ငါ့ဘဝ အပျက်မခံနိုင်ဘူး။ အံကိုခပ်တင်းတင်းကြိတ်ရင်း အိမ်ထဲက ပြန်ထွက်လို့ ဒေါသတွေ ပြေဖျောက်ဖို့ ကျနော် ဘုရားအရိပ်အောက် ခိုလှုံပြီး ရသလောက် စိတ်ကို တည်ငြိမ်အောင် စုစည်းပြီး KK ဆီကို ဖုန်းခေါ်လိုက်တယ်။
“ဟယ်လို အောင် အိမ်မပြန်လာသေးဘူးလား။ မိုးချုပ်နေပြီလေ”
“KK ဘုရားကို ခဏလောက် ထွက်လာခဲ့ပါလား။ အောင် စောင့်နေမယ်။ တနင်္ဂနွေတောင့်ကို လာခဲ့နော်”
“အောင်ကတော့ လုပ်ပြီ။ KK လာခဲ့မယ်”
ဖုန်းချသွားပြီး နာရီဝက်လောက်အကြာမှာ လှုပ်လီလှုပ်လဲ့ ပါတိတ်အနီရောင်အပွင့်လေးနဲ့၊ သနပ်ခါး ပါးကွက်လေးနဲ့၊ ချစ်စရာအပြုံးလေးနဲ့ ကျနော့်အနားမှာ ထိုင်ချလိုက်ပြီး
“ကဲပြော ဘာပြောစရာရှိလို့လဲ အောင်။ အိမ်ကြမှပြောလဲရတာကို”
“KK သေချာနားတောင်နော်။ အောင်တို့ ကွာရှင်းရအောင်”
“ဘာ ဘာပြောတယ် အောင်”
“လမ်းခွဲကြမယ် KK”
“အောင် ဘာကြောင့် အခုလို ဆုံးဖြတ်တာလည်း KK နားမလည်နိုင်ဘူး။ KK ဘာတွေလုပ်မိလို့လည်း အောင်”