ကံစေရာ....
ည ၁၂:၂၀ ပင်ရှိပြီ ဖြစ်သည်။
“အလုပ်လုပ်တာလည်း လုပ်တာပေါ့ ကိုကိုရယ်။ ကျန်းမားရေးလည်း ဂရုစိုက်ဦးမှပေါ့”
ဟုပြောကာ ဘုန်းခန့်ဘေးမှာ ဝင်ထိုင်လိုက်သည်။
“ပြီးခါနီးမို့ တခါတည်း အပြီးသတ်လိုက်ချင်လို့ပါ မိန်းမရယ်”
ဘုန်းခန့် သူ၏ဘေးတွင် ဝင်ထိုင်လိုက်သော ချစ်ဖူးကို မကြည့်ပဲ ကွန်ပျူတာထဲမှ သူ၏အလုပ်ကိုသာ အားရုံစိုက်၍ ပြန်ပြောလိုက်သည်။
“ကိုကို ချစ်လေးတို့ကို အရင်လို ဂရုမစိုက်နိုင် ၊ အချိန်မပေးနိုင်တာ တော်တော်ကြာပြီးနော် ကိုကို”
“ချစ်ကလည်းကွာ ကိုကိုလုပ်နေတာတွေ အားလုံးက ချစ်တို့အတွက်ပဲလေ”
“ဒါတော့ဒါပေါ့ ကိုကိုရယ်။ ကိုကိုက ညတိုင်း အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတော့ ချစ်က ကိုကိုကျန်းမားရေး ထိခိုက်မှာ စိတ်ပူလို့ပါ”
ဟု ဝမ်းနည်းပူပန်သော အသံဖြင့်ပြောပြီး ဘုန်းခန့် ပုခုံးပေါ်သို့ သူမ၏ ခေါင်းလေး မှီထားလိုက်သည်။ ဟုတ်တော့လည်း ဟုတ်သည် ။ အရင်လို သူမတို့ သားအမိပေါ် အချိန်မပေးနိုင်တော့ပဲ အလုပ်ကိုပဲ အာရုံစိုက် လုပ်နေမိသည်။ သမီး အမွှာလေးနှစ်ယောက် မွေးပြီး သုံးနှစ်လောက်နေတော့ အလုပ်အပ်သူတွေ များလာသည်။