“အား… နန်းလုံ၊ မလုပ်နဲ့ အဲလိုတော့ မလုပ်ပေးပါနဲ့ ”
အခန်း ( ၁ )
အောင်ပန်းမြို့ မြို့ပြင်ဘက်ခပ်ကျကျနေရာတွင် သစ်ပင်များအုံ့ဆိုင်းနေသော ခြံကျယ်ကြီးတစ်ခုတည်ရှိသည်။ ခြံကြီး၏ အဝင်ဝတွင် “ဝက်သစ်ချမြိုင်” ဟု ဆေးအဖြူ ပန်းချီလက်ရေးသော့သော့နှင့်ရေးထားသော ပိတောက်ကျီးပေါင်းသား ဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ထားသည်။ ခြံကြီးအလယ်တွင်တော့ ရဲတိုက်ကြီးနှင့်တူသော အုတ်ကွက်ဖော်ဆောက်လုပ်ထားသည့် အုတ်ကြွပ်မိုး နှစ်ထပ်အိမ် နီညိုရောင်ကြီးတစ်လုံးရှိသည်။ ခြံထောင့်တွင် ခြံစောင့်လင်မယားနေသော သစ်သားအိမ်ပုလေးတစ်လုံး။
အချိန်က ညနေ ၇ နာရီခန့်… အောင်ပန်းမြို့၏ ဆောင်းဦးညနေခင်း။ နေဝင်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းသွားပြီး အအေးဓာတ်က စိမ့်ဝင်လာသည်။ သစ်ပင်အချို့ပေါ်မှ ပုစဉ်းရင်ကွဲသံများမှအပ တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ သို့သော် အိမ်ကြီးပေါ်ရှိ အိပ်ခန်းကျယ်ကြီးထဲတွင်တော့ မီးလင်းဖိုထဲမှ တဖျစ်ဖျစ်တောက်လောင်နေသော သစ်တုံးကြီးမှ မီးအရှိန်ဖြင့် အခန်းတစ်ခုလုံး နွေးထွေးနေသည်။ မီးပန်းဆိုင်းမှ ဖြာကျနေသော ဝါကျင့်ကျင့်အလင်းရောင်အောက်တွင် ဆင်စွယ်ရောင် ဂါဝန်ရှည်ကြီးကို ဝတ်ထားပြီး ခေါင်းပေါ်မှာ ဇာပဝါလေးခြုံလွှမ်းထားသော သတို့သမီးတစ်ယောက် ကျွန်းသားမှန်တင်ခုံကြီးရှေ့တွင် ထိုင်နေသည်။
သူမနာမည်က သက်ထားသခင်ပါ။ ညနေခင်းကမှ လောလောလတ်လတ် လက်ထပ်ထားသော သတို့သမီး အသစ်စက်စက်လေးဖြစ်သည်။ ယနေ့ညသည် သူမ၏ မင်္ဂလာဦးည။ သူမ၏ သတို့သားကတော့ စိုင်းစောထွန်း ဆိုသော ဤ ဝက်သစ်ချမြိုင် အိမ်ကြီး၏ ပိုင်ရှင်ပါ။