ဘုန်းနိမ့်လိမ့်မယ် မောင်ရယ်
တစ်ညလုံး သည်းသည်းမဲမဲ ရွာနေသောမိုးကား မိုးလင်းချိန်တွင်တော့ တဖြည်းဖြည်းချင်း စဲသွားချေပြီ။ အိမ်အပေါ်ထပ်မှာ ပြတင်းတံခါးကို ဖွင့်နေသော ဒေါ်သူဇာ ခြံစောင့်ကြီး ဦးလှအောင်က ဧည့်သည်တစ်ယောက်ကို တံခါးဖွင့်ပေးနေတာကို လှမ်းမြင်နေရသည်။ စောစောစီးစီး ဘယ်သူများပါလိမ့်လို့ တွေးမိသည်။ ဦးလှမောင်က ဧည့်သည်ကို သူမတို့တိုက်ကြီးဆီသို့ ခေါ်လာပါတယ်။ တဖြည်းဖြည်းနဲ့ သူမတို့အိမ်ဘက်ကို နီးလာသောအခါတွင်လည်း ဧည့်သည်က ဦးထုပ်ဆောင်းထားသဖြင့် မျက်နှာကိုမမြင်ရသေး။ ခရီးဝေးမှ လာခဲ့ဟန်တူသည်။ “မမလေး မမလေး ဧည့်သည် ရောက်နေပါတယ်”။ သူမအိမ်ဖော်မလေး မိအေးက အပေါ်ထပ်တက်လာပြီး ပြောပါတယ်။ “အေး သိတယ် လာခဲ့မယ်” ဆိုပြီး သူမလည်း အိမ်အောက်ထပ်ကို ဆင်းခဲ့ပါတယ်။ သူမဆင်းလာတာမြင်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ စောစောက ခြံထဲကို ဝင်လာသောသူက ခေါင်းကိုမော့ကြည့်လိုက်ပါတယ်။ လူရွယ်တစ်ယောက်ပါ ၂၇ နှစ်ခန့်ရှိပြီး ယောက်ျားချော ချောသောသူတစ်ယောက်။ တီရှပ်လက်ပြတ်အနက်ကို ဝတ်ထားသဖြင့် အသားဖြူခြင်းကို ပိုသိသာသည်။ အားကစား လိုက်စားသူ တစ်ဦးမှန်း ထိုလူပုံစံက သက်သေခံနေသည်။ အကြည့်များက စူးစိုက်ကာ သူမရင်ထဲ ထိုးဖောက်သွားသလို ခံစားရသဖြင့် ဒေါ်သူဇာ မျက်လွာချထားလိုက်ရသည်။ “အမက မသူဇာထင်တယ်။ ကျွန်တော့နာမည်က စိုးသီဟပါ အမမောင် လင်းခန့်သူငယ်ချင်းပါ။ လင်းခန့်နဲ့ကျွန်တော်က ရန်ကုန်မှာ တက္ကသိုလ်တက်တုန်း ခင်ခဲ့ကြတာပါ။ လင်းခန့် လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်တော့်ဆီ ရောက်လာပြီး ကျွန်တော်လုပ်နေတဲ့ အလုပ်မှာ ရှယ်ယာဝင်ထားခဲ့တယ်။ အရင်နှစ်က အလုပ်တွေအောင်မြင်ခဲ့လို့ ဒီနှစ် သူ့ကို အမြတ်ငွေတွေ ထုတ်ပေးဖို့ခေါ်ပေမဲ့ ရောက်မလာလို့ ကျွန်တော်သူ့ဆီ လွန်ခဲ့တဲ့ ၃လလောက်က ဖုန်းဆက်ပေမဲ့ သူကသူ့မြို့ကို အလည်ခေါ်ရင်း အမြတ်ငွေတွေကို ပေးပါဆိုလို့ ကျွန်တော်ရောက်လာတာပါ”။ “သြော်ငါ့မောင်က အမမောင် လင်းခန့်သူငယ်ချင်းကိုး မင်းသူငယ်ချင်းက လွန်ခဲ့တဲ့ ၃ရက်ကဘဲ ခရီးထွက်သွားတယ် ရှမ်းပြည်ဘက်ကို” “ဗျာ” ဧည့်သည်က ခေါင်းကိုကုတ်လိုက်သည်။ “ဒုက္ခပါဘဲဗျာ ကျွန်တော်က သူဝမ်းသာစေချင်လို့ ဖုန်းကြိုမဆက်ထားမိဘူး လွဲသွားတယ်ဗျာ ဒီမြို့မှာလည်း တည်းခိုခန်းမရှိဘူး”။ “ရပါတယ် ငါ့မောင်ရယ် မောင်လေးသူငယ်ချင်းဘဲ ဒီအိမ်မှာဘဲတည်းပေါ့”။ “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အမ”။