အံ့ကြိတ်ပြီး ဆက်၍ခံနေဦးမည်...
အိမ်ထောင်ကျပြီး နယ်ကို ပြောင်းသွားသော သူငယ်ချင်း ဇင်မာက ကျမကို အလည်ခေါ်ခဲ့တာ ကြာခဲ့ပါပြီ။ ကျမက ကျောင်းဆရာမ အလုပ်ကတဖက်၊ အိမ်က လင်သားဖြစ်သူ ကိုဝင်းမောင်ရဲ့ ဝေယျာဝစ္စတွေနဲ့ ဘယ်မှ မရောက်နိုင်ခဲ့ပါဘူး။ သားသမီးမမွေးသေးပေမယ့် လင်မယားနှစ်ယောက်ထဲရှိတဲ့ ကျမတို့ အိမ်ထောင်စုမှာပင် အိမ်ထောင်တာဝန်တွေ ထိန်းသိမ်းရတာ များပြားလှပါတယ်ရှင်။
ကျမရဲ့ သူငယ်ချင်း ဇင်မာနဲ့ သူ့ယောက်ျား ကိုမင်းတို့က မနှစ်ကတည်းက အိမ်ထောင်ကျပြီး နယ်ကိုပြောင်းသွားကြတာပါ။ သူတို့ပြောင်းသွားပြီး အတော်ကြာမှ ကျမတို့ လင်မယားက အိမ်ထောင် ကျခဲ့တာဖြစ်ပြီး ကျမတို့ အိမ်ထောင်ကျတာ (၆) လတောင် ရှိခဲ့ပါပြီ။
ဒီနှစ်နွေရာသီ ကျောင်းမပိတ်မှီ တစ်လလောက်မှာပဲ ကျမရဲ့ ယောက်ျားက ဖောင်ကြီးသင်တန်းသွားတက်ရပါတယ်။ သင်တန်းက (၄) လကြာမှာ ဖြစ်ပါတယ်။ သူ သင်တန်းသွားပြီး တစ်လကျော်လောက် ကြာတဲ့အခါမှာ နွေရာသီကျောင်းပိတ်ရက်ကို ရောက်ခဲ့ပါတယ်။ ကျမလည်း အိမ်မှာ တစ် ယောက်ထဲ ဖြစ်နေတာကြောင့် ပျင်းပျင်းရိရိနဲ့ ရှိနေရတဲ့အချိန်မှာပဲ သူငယ်ချင်း ဇင်မာဆီက သာကြောင်း မာကြောင်းနဲ့ အလည်လာဖို့ခေါ်ထားတဲ့ ထုံးစံအတိုင်း ရေးနေကြစာ ရောက်လာပါတယ်။ ဒီမှာတင် ကျမလည်း စိတ်ကူးရပြီး ဇင်မာတို့နေတဲ့ မကွေးမြို့ကို ရောက်ခဲ့ရပါတယ်ရှင်။