ယင်ဖိုတောင် မသန်းဖူးသူ
အချိန်က ည(၁၁)နာရီ ရှိပေပြီ။ ဆယ်နာရီလောက်ကတည်းက တဖြေးဖြေးစဲသွားသော မင်္ဂလာဧည့်ခံပွဲသို့လာရောက်ကြသည့် ပရိသတ်များနှင့် သူတို့၏ကားကြီးကားငယ် အသွယ်သွယ်တို့သည် တဦးတလေ တစီးတလေမျှပင် မရှိကြတော့ပဲ ခြံဝန်းကျယ်ကြီးထဲတွင် ပစ္စည်းများလိုက်လံသိမ်းဆည်းနေကြသော အလုပ်သမား သုံးလေးယောက်သာ ရှိတော့သည်။ ထို့အပြင် ဥရောပပုံစံ နှစ်ထပ်တိုက်ကြီးထဲတွင်လည်း အိမ်သူအိမ်သား နှစ်ယောက်သုံးယောက်တို့သည် ပစ္စည်းများသိမ်းပြီးကြသည်နှင့် အိပ်ယာဝင်ကြရန်ပြင်ဆင်နေကြပေပြီ။ သီတာခိုင်သည် သူမ၏ဖိနပ်လေးကို ချွတ်၍ ပါကေးခင်းပေါ်တွင် ခင်းထားသော နီညိုရောင်ကော်ဇောပေါ်သို့ လှမ်းအတက်မှာပင် သူမ၏အကြည့်က အိမ်ရှေ့ဧည့်ခန်းထဲသို့ ရောက်သွားသည်။ သတို့သားနှင့် သတို့သမီးတို့သည် အန်တီကြီးကို ကန်တော့နေကြသည်။ သီတာခိုင်သည် လှမ်းလက်စ ခြေလှမ်းကို ရုတ်၍ အသာရပ်နေလိုက်သည်။ ထိုစဉ်မှာပင် မင်္ဂလာမောင်နှံတို့သည် အန်တီကြီး၏ ရှေ့မှထ၍ မတ်တတ်ရပ်လိုက်ကြသည်။ မျက်လွှာလေးချ၍ ငုံ့ထားသော သတို့သမီးဖြစ်သူ၏ ပါးပြင်လေးမှာ နီမြန်းနေသည်ကို တွေ့ရသည်။ ပြီးတော့ သူတို့နှစ်ယောက်သည် သီတာခိုင်ရပ်နေရာနှင့် ဆန့်ကျင်ဘက်ဧည့်ခန်း၏ အခြားတဘက်ရှိ အပေါ်ထပ်သို့တက်သည့် လှေကားကြီးဆီသို့ လျှောက်လှမ်းသွားနေကြသည်။ သတို့သား၏ ဘေးမှကပ်ရက် ခေါင်းလေးငုံ့ကာ လိုက်ပါသွားသော ညီမငယ် နီလာခိုင်၏ နောက်ကျောကို သီတာခိုင်သည် ဂရုတစိုက်ဖြင့် ကြည့်လိုက်မိသည်။ ဒီနှစ်ထဲတွင် နီလာ အတော်ကိုထွားလာသည်။ အသက်(၁၈)နှစ်သာရှိသေးသော နီလာ၏ ကိုယ်လုံးမှာ သီတာ ကိုယ်လုံးနှင့် တန်းတူလောက်ပင် ဖြစ်နေချေပြီ။ စောစောကတည်းက တလှပ်လှပ်ဖြစ်ချင်နေသော သီတာ၏ နှလုံးသားသည် သိသိသာသာသာပင် တဒိန်းဒိန်းခုန် လာခဲ့ရချေပြီ။ သူမ၏ မျက်စိရှေ့မှာပင် သူတို့နှစ်ယောက်သည် လှေခါးထစ်များကို တထစ်ချင်း နင်းလို့ တက်သွားကြပေပြီ။ ” အန်တီကြီးတော့ အိပ်တော့မယ် သမီး.. သမီးလဲ သိပ်ပြီး ညည့်နက်မခံနဲ့အုံး.. ” ရုတ်တရက်ထွက်ပေါ်လာသော အန်တီကြီး၏ အသံကြောင့် သီတာတယောက် ဆတ်ကနဲဖြစ်သွားရာက အန်တီကြီးကို ကြည့်လိုက်မိသည်။ ပြီးမှ.. ” ဟုတ်ကဲ့ “လို့ သူမပြောလိုက်မိသည်။ အန်တီကြီးကတော့ သူမ၏ အိပ်ခန်းရှိရာသို့ ဝင်သွားခဲ့ချေပြီ။