ကိုယ်ဟန်ပြ ကျောင်းသူ
ဇေယျသီရိ တက္ကသိုလ်မှာ လက်ထောက် ပါမောက္ခ ဟန်နရီ ရာဇ၀င် ဘာသာရပ်ကို လာပြနေသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီ။
ပရော်ဖက်ဆာဟု ဆိုသော်လည်း ဟန်နရီမှာ အသက် ၃၀ ကျော်ကျော် ၄၀ မပြည့်သေး၊ အသက်က ငယ်ငယ် အားကစားလိုက်စားသူဖြစ်၍ ဗလတောင့်တောင့်၊ ပါးသိုင်းမွှေးခပ်ရေးရေးနှင့် ဟန်နရီမှာ ကျောင်းဆရာနှင့်မတူပဲ ဘိုင်စကုပ် ဓာတ်ရှင်မင်းသားနှင့် ပိုတူနေသည်။
အမှီအခိုမရှိ၊ လူပျိုလူလွတ်မို့ ရသည့်လခက လောက်ငရုံမက ပိုလျှံသည်ဟု ဆိုရမည်၊ သို့သော်လည်း ဝါသနာအလျှောက် ဓာတ်ပုံတိုက်နှင့် ပန်းချီသင်တန်း ဖွင့်ထားသေးသည်။ တကိုယ်တည်းသမားမို့ တိုက်ခန်းသီးသန့် ငှားမနေတော့ပဲ ဓာတ်ပုံတိုက်တွင်ပင် ဟန်နရီ နေသည်။
ရုံးခန်းထဲမှာ သူရိယ သတင်းစာကို ဟိုလှန်ဒီလှန် လုပ်နေစဉ် တံခါးခေါက်သံကြားရသဖြင့် ဟန်နရီ တံခါးပေါက်ဆီသို့ ထသွားရသည်။ သမိုင်းပါမောက္ခပီပီ ရှေးခေတ် ဗမာစာအပြင် ခေတ်သုံး ဗမာစာကိုပါ ရေးတတ်၊ ဖတ်တတ်သည့် ဟန်နရီမှာ ဇေယျသီရိမှာ အနေကြာသဖြင့် ဗမာစကားကိုလဲ ပီပီသသမဟုတ်တောင် အတော်ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်နေပြီ။
တံခါးကို ဖွင့်လိုက်တော့ ဒုတိယနှစ် ဥပဒေ ကျောင်းသူ မကလျာဝေ၊ ကုန်သည်ကြီး ဦးဝေခန်း၏ မြေး တရုတ်သွေး တမတ်သားပါသည် မကလျာဝေ။ သူမအဖိုး ဦးဝေခန်းက ကုန်သည်အလုပ်အပြင် တိုက်ခန်းတွေ အများကြီး ဝယ်ထားကာ ငှားသည့်အလုပ်လဲ လုပ်သည်၊ မြို့လည်က သူ့ဓာတ်ပုံတိုက်တောင် ဦးဝေခန်းဆီက ငှားထားတာ ဖြစ်သည်။