မှန်ရာကို ထွက်ဆိုပါမယ်
မီးဇာ စိတ်က အပြောင်းအလဲ မြန်လွန်းလှသည်။ ကိုစစ်အောင်နှင့် အိမ်နီးပါးချင်း ဖြစ်သော်လည်း မီးဇာ ခေါ်ချင်မှခေါ်သည်။ ပြောချင်မှလည်း ပြောသည်။ သို့သော် နောင်လတ် နှင့် ပတ်သက်လာသောအခါ ကိုစစ်အောင်ရဲ့ မိတ္တူကူးစက်ဆိုင်သို့ မကူးချင်ပဲလဲ ကူးလျက်၊ မသွားချင်ပဲလဲ သွားလျက် မီးဇာ အောက်ကျို့ခံလျက် အောက်စီးမှ ဆက်ဆံလာရသည်။ ထိုသို့ အောက်စီးမှ ဝင်ရသည်က အသဲအသက်မက ချစ်ရလွန်းသူ နောင်လတ်ကြောင့်ပဲ ဖြစ်သည်။
မီးဇာဟု ချစ်စနိုးခေါ်တတ်သော နောင်လတ်သည် ဇာနည်နွယ်ဟူသော မီးဇာရဲ့ နာမည်ရင်းကိုပင် ပျောက်အောင် မီးဇာကို လွှမ်းမိုးသူဖြစ်၏။ နောင်လတ်နှင့် (၁၀) တန်းမှာ ကတည်းက ချစ်ခဲ့ကြသည်။ နောင်လတ် မျက်နှာကို မြင်တိုင်း မီးဇာ ရင်ခံတတ်သည်။ နောင်လတ်၏ အကြည့်ပြာပြာဝေဝေလေးမှာ မီးခိုးမှိုင်းမိသော လိပ်ပြာလေးနှယ် ယစ်မှုးသွားချင်သည်။ ဤမျှအထိ နောင်လတ်ကို မီးဇာ ချစ်ခဲ့ရပါသည်။
နောင်လတ်ကလည်း ယောကျ်ားပီသသည်။ သိပ်ချစ်ရလွန်းသူတွေပေမဲ့ နောင်လတ် အခွင့်အရေးကို ပိုမယူ။ နှင်းဆီဖူး နှုတ်ခမ်းချိုချိုလေးကို စုပ်ယူနမ်းရှိုက်ရာ၌ပင် နောင်လတ်က တမြတ်တနိုး တယုတယလေး ပြုစုတတ်၏ ။ မေတ္တာ၏ အတိမ်အနက်ကို ချိန်ဆတိုင်းတာနိုင်သော အချစ်ပြဒါးတိုင်မျိုးရှိလျှင် ရေဆူအမှတ်ကို ကျော်လိမ့်မည်ထင်သည်။ နက်နဲမှုသံယောဇဉ်ကို တိုင်းပြနိုင်သော သာမိုမီတာသည်လည်း မီးဇာနှင့် နောင်လတ်တို့ အတွက်ပဲ ဖြစ်မည်။