HPV ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

သားအိမ်ခေါင်း ကင်ဆာဟာ ကမ္ဘာတစ်ဝန်း အမျိုးသမီးတွေမှာ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ဒီရောဂါကြောင့် အမျိုးသမီး ၃ သိန်းကျော် နှစ်စဉ် သေဆုံးနေကြပါတယ်။

HPV ကာကွယ်ဆေးက HPV ဗိုင်းရပ်စ် အမျိုးအစား ၉ မျိုးကနေ ကာကွယ်ပေးပါတယ်။
အဲဒီထဲမှာ သားအိမ်ခေါင်းကင်ဆာ အားလုံးနီးပါးကို ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်နှစ်မျိုး ပါဝင်ပါတယ်။ အဲဒီ HPV ဗိုင်းရပ်စ်ပိုးတွေက စအိုကင်ဆာ၊ အင်္ဂါဇာတ်၊ ပါးစပ်နဲ့ လည်ပင်းကင်ဆာ တချို့ ကို ဖြစ်စေပါတယ်။

လေ့လာချက်တွေအရ HPV ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို အနည်းဆုံး ၁၀ နှစ်ကြာလောက် ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ဒါ့ထက်အများကြီး ပိုကြာကြာ ကာကွယ်နိုင်ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ယူဆနေပါတယ်။

HPV ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

ဘယ်သူတွေကို HPV ကာကွယ်ဆေး ထိုးပေးနိုင်သလဲ
မိန်းကလေးနဲ့ ယောက်ျားလေးတွေကို HPV ဗိုင်းရပ်စ်ပိုးနဲ့ မထိတွေ့ခင် အချိန်ကတည်းက HPV ကာကွယ်ဆေး ထိုးပေးထားနိုင်မယ်ဆိုရင် အကောင်းဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးက ဗိုင်းရပ်စ်ပိုး မကူးစက်အောင်သာ ကာကွယ်ပေးနိုင်တာ ဖြစ်ပြီး ဗိုင်းရပ်စ် ကူးသွားပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားပေးနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။
ဒီဗိုင်းရပ်စ်ပိုးတွေက ကူးစက်ပြန့်ပွားမှု များလွန်းတဲ့အတွက် လိင်ဆက်ဆံတာမျိုးတွေ မလုပ်တတ်ကြသေးခင်ကတည်းကိုက မိန်းကလေး၊ ယောက်ျားလေးတွေကို ကာကွယ်ဆေး ထိုးထားပေးရမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးက တစ်လုံး ဒါမှမဟုတ် နှစ်လုံး ထိုးကောင်း ထိုးရလိမ့်မယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ကိုယ်ခံအားစနစ် သိပ်မကောင်းသူတွေဆိုရင်တော့ နှစ်လုံးကနေ သုံးလုံး ထိုးသင့်တယ်လို့ ဆိုပါတယ်။

HPV ဆိုတာ (human papillomavirus) လို့ခေါ်တဲ့ လူသိများတဲ့ ဗိုင်းရပ်စ်ပိုး အုပ်စုတစ်ခုရဲ့ အမည် ဖြစ်ပါတယ်။
HPV ဗိုင်းရပ်စ်ပိုး အမျိုးအစားပေါင်း ၁၀၀ ကျော် ရှိပြီး ဗိုင်းရပ်စ်ပိုး ကူးစက်တဲ့အခါ ရောဂါလက္ခဏာ ပြလေ့မရှိတတ်ပါဘူး။ တချို့ဗိုင်းရပ်စ်အမျိုးအစားတွေကတော့ ကြွက်နို့တွေ ဖြစ်စေပြီး လက်၊ ခြေ၊ အင်္ဂါဇာတ် ဒါမှမဟုတ် ပါးစပ်ထဲတွေမှာ ပေါက်တတ်ပါတယ်။
အများစုကတော့ သူတို့မှာ ဗိုင်းရပ်စ်ပိုး ကူးမှန်းတောင် သိကြမှာမဟုတ်သလို ဆေးကုစရာ မလိုဘဲ ဗိုင်းရပ်စ်ပိုးကို သူတို့ခန္ဓာကိုယ်က ဖယ်ရှားပစ်လိုက်မှာပါ။
ဒါပေမဲ့ အန္တရာယ်ရှိတဲ့ HPV ဗိုင်းရပ်စ်ပိုးအမျိုးအစားတွေကတော့ ပုံမှန်မဟုတ်တဲ့ တစ်သျှူး ကြီးထွားမှုကို ဖြစ်စေပြီး အဲဒီကနေ ကင်ဆာ ဖြစ်လာနိုင်ပါတယ်။

Credits

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

The Importance of the Legal Aspects of Business

Build Your Website in Minutes with One-Click Import – No Coding Hassle!

ကော်လဂျင်ဆိုတာ အမျိုးသမီးတွေနဲ့ပဲဆိုင်တာလား ? အမျိုးသားတွေရော ကော်လဂျင် သောက်လို့ရနိုင်လား ?

ကော်လာဂျင်ဆိုရင် တွဲမြင်မိတာက အမျိုးသမီး‌ တွေပဲဖြစ်ပါတယ်။ ဒါဆို မေးစရာရှိတာက ကော်လာဂျင်က လေဒီလေးတွေပဲ သောက်လို့ရတာလားပေါ့။ အမျိုးသားတွေရော ကော်လာဂျင် သောက်လို့ရလား…