iPhone မော်ဒယ်သစ်တွေ ဒီနှစ်ထဲ ရှယ်ဈေးကြီးပါလိမ့်မယ်။ အဓိကက ထရမ့်ရဲ့ အသစ်ပြောင်းလဲ သတ်မှတ်လိုက်တဲ့ သွန်းကုန် အခွန်ကြောင့်ပါ။တစ်ကမ္ဘာလုံးကို ပတ်ပြီး အခွန်တိုးကောက်လိုက်တဲ့ ထရမ့်ကြောင့် အမေရိကန်ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ ကသောင်းကနင်းဖြစ်နေပါတယ်။ အခု ကြားရသလောက်ဆို ဈေးကွက်တန်ဖိုး ဒေါ်လာ ၆ ထရီလီယံလောက် ဆုံးရှုံးနေပြီလို့ ပြောပါတယ်။
ဒီကိစ္စဟာ Apple ကိုလည်း ထိတာပါပဲ။ ထရမ့်က တရုတ်ထုတ်ပစ္စည်းတွေကို အခွန် ၅၄% ကောက်လိုက်တာပါ။ iPhone , iPad တွေကို ထိုင်း ၊ ထိုင်ဝမ် ၊ အိန္ဒိယ နဲ့ ဗီယက်နမ်တွေမှာလည်း ထုတ်လုပ်တယ်ဆိုပေမယ့် Apple products တွေရဲ့ ၈၀% လောက်က တရုတ်က လာပါတယ်။
အခွန်တိုးကောက်တဲ့အတွက် တကယ်ခံရမှာက ဝယ်သူတွေပါပဲ။ Rosenblatt Securities က ဈေးကွက်ဆန်းစစ်သူတွေကတော့ အခွန်ကြောင့် iPhone တွေ ၄၃% ဈေးပိုကြီးလာမယ်လို့ တွက်ထားပါတယ်။ iPhone တင် မဟုတ်ဘဲ Apple Watch ၊ iPad နဲ့ AirPods တွေလည်း ၄၃% , ၄၂% နဲ့ ၃၉% စီ တက်ဖို့ များပါတယ်ဒီအတိုင်းဆို ၇၉၉ ဒေါ်လာတန် iPhone 16 မော်ဒယ်က ၁၁၄၂ ဒေါ်လာအထိ ဖြစ်လာနိုင်ပါတယ်။ ၁၅၉၉ ဒေါ်လာတန် အမြင့်ဆုံး iPhone 16 Pro Max (1TB) က ဒေါ်လာ ၂၃၀၀ နား ကပ်သွားပါလိမ့်မယ်။ Apple ရဲ့ ဈေးအချိုဆုံးဆိုတဲ့ iPhone 16e တောင် ၅၉၉ ဒေါ်လာဈေးကနေ ဒေါ်လာ ၈၆၀ ပရီမီယမ်တန်း ရောက်သွားမှာပါ။
iPhone တွေ ဈေးတက်မှာတော့ သေချာသလောက်ပါပဲ။ iPhone 17 စီးရီးမှာ ပိုသိသာပါလိမ့်မယ်။ သတင်းတွေမှာတော့ ၁၁၉၉ ဒေါ်လာက စတဲ့ iPhone 17 Pro Max က ဒေါ်လာ ၁၇၀၀ ကျော်ပြီး 1TB မော်ဒယ်ဆို ဒေါ်လာ ၂၃၀၀ အထိ ရောက်လာနိုင်ပါတယ်။
Credit to duwun
