အွန်လိုင်းကစာတွေဖတ်ပြီး မိမိမှာ ကင်ဆာဖြစ်နေပြီဆိုပြီး စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မူ ရိုမေးနီးယားနိုင်ငံတွင်ဖြစ်ပွား

သူ ခံစားနေရတဲ့ ရောဂါလက္ခဏာကို အွန်လိုင်းမှာ နှိုင်းယှဉ်စစ်ဆေးကြည့်ရင်း အူမကြီးကင်ဆာ ခံစားနေရတယ်လို့ ယုံကြည်သွားတဲ့ ရိုမေးနီးယား အမျိုးသားတစ်ဦးဟာ သူ့လက်ကောက်ဝတ်ကို ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရိုမေးနီးယားနိုင်ငံ ဘိုတိုဆာနီမြို့မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ အမည်မဖော်လိုတဲ့ အမျိုးသားက အူမကြီးကင်ဆာ ခံစားနေရပြီဆိုပြီး စိတ်ဓာတ်ကျနေတာပါ။ သူ့ဇနီးကလည်း ဒါကို မရိပ်မိပါဘူး။ တစ်နေ့မှာတော့ တောထဲ ထင်းသွားခုတ်မယ်ဆိုပြီး လွှစက်ယူကာ အိမ်က ထွက်သွားခဲ့ပါတယ်။ ခဏကြာတော့ ” သူ ဝမ်းနည်းအားငယ်နေတဲ့ အကြောင်း၊ သူ့ဘဝအတွက် ဇနီးကောင်းတစ်ယောက် ဖြစ်ခဲ့တဲ့အကြောင်း” သူ့ဇနီးဆီ မက်ဆေ့ ပို့ပါတယ်။

ဒီမက်ဆေ့ရဲ့ အသွားအလာကြောင့် သံသယဖြစ်သွားတဲ့ ဇနီးသည်က တောထဲ အပြေးလိုက်သွားတဲ့အခါ သူ့ယောကျာ်းရဲ့လက်ကောက်ဝတ် ပြတ်လုဆဲဆဲ ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ ဇနီးသည်က အရေးပေါ်အဖွဲ့ကို ဖုန်းဆက်ခဲ့ပြီး အရေးပေါ်ကား ရောက်လာချိန်မှာ သူ့ကို ဆေးရုံတင်နိုင်ခဲ့ပါတယ်။ အရေးပေါ်အဖွဲ့နဲ့အတူ ပလတ်စတစ်ဆာဂျရီအဖွဲ့လည်း ပါလာတာကြောင့် သူ့လက်ကို ပြန်ဆက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် သူ့ရဲ့လက် လှုပ်ရှားမှု ပြန်လုပ်နိုင်စေဖို့ တခြားဆေးရုံကို ရွှေ့ပြောင်းပေးခဲ့ပြီး အခုချိန်မှာတော့ သူ့ရဲ့ဒဏ်ရာက တော်တော်သက်သာလာပြီလို့ ဆိုပါတယ်။ သူဟာ အွန်လိုင်းပေါ်မှာ ရေးထားတဲ့ အူမကြီးကင်ဆာ ရောဂါလက္ခဏာတွေနဲ့ သူ ခံစားနေရတဲ့ လက္ခဏာတွေကို ယှဉ်ကြည့်ပြီး အူမကြီးကင်ဆာ ဖြစ်နေပြီလို့ ထင်ခဲ့တာပါ။ သူက ဆရာဝန်လည်း မပြချင်တာကြောင့် သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့ သူ့ဇနီးသည်နဲ့ ဆေးအဖွဲ့တွေရဲ့ လျင်မြန်တဲ့ ဆုံးဖြတ်၊ လှုပ်ရှားမှုတွေကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အင်တာနက်ပေါ်က သတင်းအချက်အလက်တွေက အသုံးဝင်တယ်ဆိုပေမဲ့ တချို့အချက်အလက်မှားတွေကလည်း လူတွေအတွက် အန္တရာယ် ဖြစ်စေနိုင်တယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေထူနေပါတယ်။

Ref: Man Tries to Take His Own Life After Becoming Convinced He Had Cancer by Doing Online Research
Credit to ရိုးရာလေး

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top